
တိတ်တခိုးချစ်ခဲ့ရသူကြောင့် ရခဲတဲ့ နာကျင်မှုတွေကြောင့် ရှောင်ပြေးခဲ့ပေမယ့် ကံကြမ္မာက ထိုချစ်ရသူဆီကိုပဲ ဆွဲခေါ်လာတဲ့အခါမှာတော့.....။အချိန်တွေကြာညောင်းခဲ့ပြီး ညိုလင်းရှိန်နဲ့ ကသစ်ဦးတို့သည် တက္ကသိုလ်၌ ပြန်လည် တွေ့ဆုံဖို့ ဖြစ်လာခဲ့သည်။ တက္ကသိုလ်၌ ကသစ်ဦးသည် ညနေကျောင်းဆင်းချိန်၌ စေတနာကြေးလေးဖြင့် တားရော့ဟောပေးခြင်းကို လုပ်ကိုင်ကာ မပြေလည်သူတို့ကို တဖက်တလမ်းမှ ကူညီပေးသည်။ ညိုလင်းရှိန်သည် ကျောင်းဂုဏ်ဆောင် ဘတ်စ်ကတ်ဘော ကစားသမားတစ်ဦး ဖြစ်ပြီး အထက်တန်းတုန်းကအတိုင်း ပညာရေးရော အားကစားမှာပါ ထူးချွန်တော့ ကျောင်းသား/သူများကြားထဲသာမက ဆရာ/မတွေရဲ့ ချစ်ခြင်းမေတ္တာကိုပါ အပြည့်ရရှိထားသည်။ တစ်ရက်တွင် ကသစ် တားရော့ဟောသည့် နေရာသို့ ညိုလင်းရှိန် ရောက်သွားပြီး တားရော့ မေးရာ အချစ်ဦးကို ပြန်တွေ့လိုက်ရသော ကသစ်ဦးထံ တိမ်မြှုပ်ပျောက်ကွယ်နေသော ခံစားချက်တို့ အသစ်တဖန် ပြန်လည် ပေါ်ပေါက်လာသည်။ ညိုလင်းရှိန်က ကသစ်ထံ အချစ်ရေးနဲ့ ပတ်သက်ပြီး မေးရာ အချစ်ဦးကို မမေ့နိုင်သေး ဟု ထွက်လာတာကြောင့် ကသစ်က ညိုလင်းရှိန်သည် ကေသာကို သတိရနေသေးတယ်လို့ ထင်မှတ်သွားသည်။ ဆက်၍ ညိုလင်းရှိန်ရဲ့ နောက် (၃) လ နေလျှင် အချစ်ရေးကို ကြည့်ပြီး ကသစ် အံ့သြထိတ်လန့်သွားခဲ့ရသလို ထိုအဖြေကို မပြောကြားရဲတဲ့ ဘေးကြပ်နံကြပ် အခြေအနေသည် ဝေဖြိုးကျေးဇူးကြောင့် လွတ်မြောက်သွားခဲ့ သည်။ ထိုအချိန်က စလို့ ကသစ်သည် ညိုလင်းရှိန်ကို သိသိသာသာရော မသိမသာပါ ရှောင်နေခဲ့သည်။ ညိုလင်းရှိန်က ဒါကို သိတော့ ကသစ်အနား ပိုချည်းကပ်ခဲ့ပြီး ရှောင်နေရသော အကြောင်းအရင်းကို မေးသည်။ အဖြေမဲ့သော မေးခွန်းအား အဆုံး၌ ညိုလင်းရှိန်ကသာ လက်လျှော့သွားခဲ့ရပြီး ညိုလင်းရှိန်၏ အရင်ရည်းစားဟောင်း မေသံစဥ်ကပါ ထပ် ပေါ်လာပြီး လမ်းခွဲရခြင်း အကြောင်းကို ညိုလင်းရှိန်ထံ မေးတော့ သူ ချစ်ရတဲ့ လူက သပ်သပ်ရှိကြောင်း ပြောလိုက်တာကို အန်နာတို့က ကြားသွားသည်။ ညိုလင်းရှိန်ကို တဖက်သတ် ချစ်နေသူ အန်နာအတွက် ဒါကို အခွင့်အရေးကောင်းလို့ မှတ်ယူကာ ညိုလင်းရှိန် ချည်းကပ်ဖို့ ကြိုးစားတော့သည်။ သို့သော် ညိုလင်းရှိန်သည် ကသစ်အား စတော်ဘယ်ရီနို့အေးဗူးလေးကို ဗဟိုပြု၍ ကသစ်အနားသို့ တလှမ်းချင်း လှမ်းလာခဲ့ရာ ကသစ်၏ စိတ်တို့လည်း တဖန်ပြန်လည်ချင်လာသည်။ အန်နာက သိတော့ ကသစ်အပေါ် အထက်တန်းကျောင်းတုန်းကလို ထပ်လုပ်သည်။ အဲ့ကြားထဲကနေ ကေသာက ပေါ်လာသည်မို့ ကသစ်သည် ညိုလင်းရှိန်နဲ့ ကေသာကို ဟောကိန်းပေါ် လိုက်၍ တမျိုးထင်တော့သည်။ တကယ်တန်း ညိုလင်းရှိန်၏ အချစ်ဦးသည် ကသစ်သာ ဖြစ်သည်။ ညိုလင်းရှိန်ဘက်က ကသစ်အပေါ် စိတ်ယိုင်နေခဲ့သည်က အထက်တန်းကျောင်းကတည်းက ဖြစ်သော်လည်း စိတ်ကို ပြန်လည်ဆန်းစစ်နေရင်းဖြင့် အချိန်တွေလွန်ခဲ့တာ ဖြစ်သည်။ ဒီလိုနဲ့ ညိုလင်းရှိန်သည်လည်း ကသစ်ကို ကသစ်၏ အစ်ကိုရင်း သိင်္ခဦးနှင့် အထင်လွဲကာ သဝန်တိုတော့သည်။ မပွင့်လင်းကြသူတို့ကြား ကေသာတို့က ဝင်ဖြေရှင်းလိုက်တော့ အဆင်ပြေကာ အဆုံးသတ်၌ အချစ်ကို အလှပဆုံး ဝန်ခံကြရင်း လှပစွာ ဇာတ်သိမ်းသည်။